Blogger Widgets Blogger Widgets

Pages

Thursday, September 12, 2013

ဒေါသကို ထိန်းချုပ်နည်း



လူတိုင်းကတော့ ဒေါသထွက်လာတဲ့အခါ ပစ္စည်းတွေကို လွှင့်ပစ်တာ၊ ရိုက်ခွဲတာ ဒါမှမဟုတ် တခြားလူကို နာကျင်အောင် ရိုက်နှက်ကန်ကျောက်တာတွေ လုပ်ချင်လာတတ်ကြပါတယ်။ ဒါပေမဲ့ အများစုက ဒီလိုမလုပ်ကြပါဘူး။ ဒေါသကို ထိန်းချုပ်နိုင်ခြင်းဟာ ရင့်ကျက်မှုရဲ့ လက္ခဏာတရပ်ပါ။ ဒေါသအလျောက် လုပ်လိုက်တဲ့အရာတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာဖြစ်စေနိုင်ပြီး ဒေါသကြီးခြင်းကြောင့် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါပေမဲ့ သင်ဟာ ဒေါသထွက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်သွားတတ်တယ် ဆိုရင် အောက်ပါအကြံပြုချက်တွေက နောက်တကြိမ် သင်ဒေါသထွက်တဲ့အခါ ဒေါသကို ထိန်းချုပ်နိုင်ပြီး သင့်ကိုသင် စိတ်ဓာတ်တည်ငြိမ်အောင်၊ အေးဆေးအောင်နဲ့ အာရုံပြန်စုပြီး ပြန်စဉ်းစားနိုင်အောင် ကူညီပါလိမ့်မယ်။
ဒေါသထွက်စရာ အခြေအနေမှ ရှောင်ထွက်ပါ---
သင်ဟာ ပစ္စည်းတွေကို ကိုင်ပေါက်ချင်လာတဲ့အထိ၊ သင်ဒေါသထွက်နေသူကို ကိုယ်ထိလက်ရောက် ရိုက်နှက်ချင်လာတဲ့အထိ ဒေါသထွက်နေရင် အဲဒီအခြေအနေမှ သင့်ကိုယ်သင် ရှောင်ထွက်ပါ။ တချို့လူတွေကတော့ ဒေါသထွက်စရာ အခြေအနေမှ စိတ်ပိုင်းဆိုင်ရာ ရှောင်ထွက်တာမျိုး လုပ်ကြပါတယ်။ ဥပမာ-စိတ်မတည်ငြိမ်ခင် ၁-မှ ၁၀၊ ဒါမှမဟုတ်-၂၀-၃၀ အထိ စိတ်ထဲကနေ ရေတွက်နေတာမျိုးပါ။
ဒီလောက်နဲ့ မရရင်တော့ ရုပ်ပိုင်းဆိုင်ရာပါ ရှောင်ထွက်မှ ဖြစ်ပါမယ်။ အဲဒီနေရာမှ လူကိုယ်တိုင် ထွက်လာခဲ့ပါ။ သင့်ကိုယ်သင် မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေမဖြစ်ခင် ရှောင်ထွက်တဲ့နည်းကို သုံးတာ အကောင်းဆုံးပါ။
ကာလလှုပ်ရှားမှု လုပ်ပါ---
သင်ဟာ ဒေါသထွက်စရာ အခြေအနေမှ ရှောင်ထွက်လာခဲ့ပြီးနောက်မှာလည်း သင့်စိတ်တွေ မတည်ငြိမ်သေးဘဲ ဒေါသထွက်နေနိုင်ပါသေးတယ်။ သင့်ဒေါသတွေကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ ဖွင့်ထုတ်လိုက်ပါ။
အားကစားခန်းမကို သွားပြီး ပြေးစက်ပေါ်မှာပြေးတာ၊ လက်ဝှေ့ထိုး လေ့ကျင့်တာ၊ ယောဂကျင့် သင်တန်းမှာသွားပြီး ဒေါသပြေတဲ့အထိ ယောဂကျင့်စဉ်ကျင့်တာ၊ သင့်စိတ်ထဲမှာ ရှိတာတွေအားလုံးကို စာရွက်ပေါ်မှာ ရေးချတာ၊ ဂီတာတီးတာ စသဖြင့် သင့်အတွက် အဆင်ပြေမယ့်အရာတခုခုကို လုပ်ဆောင်ပါ။ 
ဒီလိုတခုခု လုပ်ပြီးတဲ့အခါ သင်ဟာ ခိုင်မာတဲ့ရလဒ်ကို မြင်ရပါမယ်။ သင့်ကို အန္တရာယ်ရှိတဲ့ ရန်ပွဲထဲကို ရောက်အောင် ဆွဲခေါ်သွားနိုင်တဲ့ဒေါသစွမ်းအင်တွေကို သင်က မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးပြုလိုက်တာပဲ ဖြစ်ပါတယ်။
ကြိုတင်ကာကွယ်ပါ---
လူအများစုမှာ သူတို့ကို ဒေါသထွက်စေတဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေ၊ လူတွေရှိတတ်ကြပြီး ဒါကို ခြေရာခံကြည့်နိုင်ပါတယ်။ သင့်ဒေါသကို ထွက်စေနိုင်တဲ့ တချို့လူတွေ၊ နေရာတွေ၊ အဖြစ်အပျက်တွေကို နားလည်ထားရင်ဒေါသထွက်စရာ အခြေအနေမဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။
ဒေါသထွက်ရတဲ့ အခြေအနေ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်တာကို ကာကွယ်ထားပါ။ သင်မကြိုက်တဲ့ အရာတွေကို ကြိုတင်ပြောပြထားတာ၊ သင့်ကို ဒေါသထွက်စေနိုင်တဲ့ လူတွေ၊ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေကို ရှောင်ကြဉ်တာတွေဟာ ကောင်းမွန်တဲ့ နည်းလမ်းတွေပါ။
အက်စ် (ဆေးဝါးတက္ကသိုလ်)
(Good Health 3-17-2010)

No comments:

Post a Comment