လွန်ခဲ့သောစက်တင်ဘာလ ၂၀၁၂ တွင် မယုံကြည်သူ လုပ်ဖော်ကိုင်ဖက် တစ်ဦးနှင့် အလုပ်ကိစ္စ ခရီးထွက်ခဲ့ဖူးပါသည်။ တညဥ့်တွင် သူ့ဘာသာနှင့် ကိုယ့်ဘာသာ အကြောင်း အချင်းချင်း မျှဝေကြပြီး အထက်ကမေးခွန်း ပုံစံ မေးခွန်းတစ်ခုမေးခဲ့သည်။ မေးခွန်းမှာ “ဘုရားသခင်ဟာလူတွေကိုချစ်လျှက်နှင့် ဘာကြောင့် ဒီလူတွေကို ဒုက္ခရောက်စေတဲ့အသီးကို ဥယျဉ်မှာထည့်ခဲ့သလဲ?” တော်တော် ခေါင်းစားသောမေးခွန်းဖြစ်ပါသည်း။ ဘုရားသခင်ကို စိတ်ထဲတွင်ဆုတောင်းပြီး မည်သို့ ဖြေခဲ့သည်ကိုပင် သတိမရမိတော့ပါ။ သို့သော် ဤမေးခွန်း၏ အဖြေမှန်ကို နှုတ်ကပတ်တော်၌ရှာဖွေ၍၎င်း၊ ဘုရားသခင်အားဆုတောင်း ခြင်းအားဖြင့်၎င်း အမြဲမေးခွန်းထုတ်ခဲ့ပါသည်။ ထိုမေးခွန်းအကြောင်းအား သန့်ရှင်းသော ၀ိညာဉ်တော်ဖွင့်ပြသကဲ့သို့ ယုံကြည်သူအချင်းချင်းတို့အား ပြန်လည်မျှဝေလိုပါသည်။ ဤမေးခွန်း၏အဖြေ ကရှင်းပါသည် ဘုရားသခင်သည်ဤ ကောင်းမကောင်းအသီးကို ဧဒင်ဥယျဉ် ၌ထားခဲ့ခြင်းမှာ လူသားများအား ကောင်းမကောင်းသိကျွမ်းရာအပင်ကိုသူထည့်ထားခဲ့ပြီး လူသားများသူ့ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်သည်မချစ်သည်ကို စုံစမ်းလိုသောကြောင့်ဖြစ်ပါသည်။ သို့သော် ဒုက္ခရောက်စေလိုသော ဆန္ဒမရှိခဲ့ပါ။ သူသည်လူသားအား အလုံးစုံကိုနားလည်သဘောပေါက်နိုင်သော ဥာဏ်ကိုလဲပေးခဲ့ပါသည်။ ထိုဥာဏ်အားဖြင့် လူသည် လောဘ တက်ပြီးကျရှုံးခဲ့ခြင်းဖြစ်ပါသည်။ ယုံကြည်သူများသိရှိနှင့်သည့်အတိုင်း စာတန်ဟူသောလူစီဖာသည် တစ်ချိန်က ဘုရားအလွန်ချစ်မြတ်နိုး သော ကောင်းကင်တမန်တပါးဖြစ်သည်သာမက ဘုရား၏ တန်ခိုးတော်များကို ရရှိထားသူလည်းဖြစ်၏။ သို့သော် ချုပ်ချယ်မှုကင်းမဲ့ပြီး တရားမျှတသောဘုရား၊အလွန်ချစ်တတ်သောဘုရား၏ အလိုလိုက်မှုကို လောဘတက်ခဲ့သည့် စာတန်၏ဖြစ်ရပ်မှာ ဒုစရိုက်အစဖြစ်ခဲ့ရသည်။ သာဓကတစ်ခုဖော်ပြလိုပါသည်- “တစ်ချိန်က ကွန်ပျူတာကိုစတင်တီထွင်ခဲ့ပါသည်။ ထိုကွန်ပျူတာကိုတီထွင်သူမှာ ကမ္ဘာကြီးကိုတခောတ် ဆန်းစေလိုခြင်းနှင့် လူသားတို့၏ကောင်းကျိုးရလဒ် များအတွက်သာရည်ညွှန်း၍ ဖန်တီးခဲ့သည်။ ထိုရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် လူသားများအားလုံးကိုလည်း ကွန်ပျူတာအသုံးပြုနည်း၊ အကျိုးရှိပုံများအား လူသိရှင်ကြားလက်ဆင့်ကမ်းခဲ့ပါသည်။ သို့သော် ကွန်ပျူတာပညာကို တတ်မြှောက် လာသူ များမှ မသမာသူတစ်ဦး(သို့)များက ကိုယ်ကျိုးအတွက် ဤကွန်ပျူတာ Function ကိုမှားယွင်းစေသည်သာမက ပျက်စီးစေနိုင်သည့် Virus များကိုတီထွင်တိုက်ခိုက်ခဲ့ပါသည်။ ဤ Virus ကို တီထွင်ခဲ့သူသည် ကွန်ပျူတာကို တီထွင်ခဲ့သူနှင့် တစ်ဦးတည်းမဖြစ်နိုင်ပါ။ ဟုတ်လဲမဟုတ်နိုင်ပါ။ ကွန်ပျူတာကိုတီထွင်သူမှာလဲ သည်ရည်ရွယ်ချက်မည်သို့မျှမရှိနိုင်ပါ။ သို့သော်ကိုယ်ကျိုးရှာသူအဖို့ Updated Virus ကို အဆုံးတိုင်ဆက်ပြီးဖန်တီးမည်မှာမုချပင်။ “ အထက်ပါသာဓက ကို အခြေခံပြီးကြည့်က ဘုရားသခင်သည် လူကိုဖန်ဆင်းခဲ့စဉ်က လူသားများအား ဒုက္ခရောက်စေလိုသော ဆန္ဒမည်သို့မျှမရှိနိုင်ပါ။ လူစီဖာကဲ့သို့ လောဘတက်မှုကြောင့်သာလျှင် ဒုစရိုက် နှင့် သူ့အဖိုးအခသေခြင်း၊ ငရဲဘုံ စတင်ဖြစ်လာခဲ့ပုံကို မှန်းဆနိုင်ပါသည်။ သို့သော်လဲ ဘုရားသခင်သည် ဂရုဏာရှင်၊ ချစ်ခြင်းမေတ္တာရှင်ဖြစ်သည့်အားလျော်စွာ သူဖန်ဆင်းခဲ့သောလူသားများအဖို့ ထာဝရအသက်စံရဖို့ လွတ်မြှောက်ရန်လမ်းကို ပေးသနားတော်မူခဲ့ပါသည်။
ကမ္ဘာဦးကျမ်းမှစ၍ ပြန်လေ့လာပါမည်။
“ထိုအခါ ထာဝရအရှင် ဘုရားသခင်သည် လူကို ယူ၍ ဧဒင်ဥယျာဉ် ကို ပြုစုစောင့်စေခြင်းငှါ ထားတော်မူ၏။” ကမ္ဘာ ၂း၁၅
ထိုဥယျာဉ်မှာနေစဉ် ဘုရားပေးထားခဲ့သောတာဝန်များမှာ-
“၁၊ အချင်းတို့၊ များပြားစွာမွေးဘွားကြလော့။
၂၊ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။
၃၊ ပင်လယ်ငါးတို့ကို၎င်း၊ မိုးကောင်းကင်ငှက်တို့ကို၎င်း အသက်ရှင်၍မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်ပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊ သူတို့ကိုကောင်းချီးပေး တော်မူ၏။” ကမ္ဘာ၁း၂၈
အထက်ပါကောင်းချီးပေးစဉ် တွင် လူသားများအား ကောင်းမကောင်းသိကျွမ်းသော အပင်ကိုရှောင် ဘို့ ပညာတ်ချက်သည်မလာသေး။ သို့သော် လူသားသည် ထိုဥာဏ်ကိုရထားနှင့်ပြီးဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်-
(၁)အထက်ပါ တာဝန်များအားပြီးမြောက်စေဖို့ ထိုဥာဏ်မရှိကမဖြစ်နိုင်ပါ။
(၂)ကမ္ဘာ၂း၁၉-၂၀ “ထာဝရအရှင်ဘုရားသခင်သည် မြေတိရိစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို ၎င်း မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည် ကို သိခြင်းငှါ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည်လည်းအသက်ရှင်သောသတ္တ၀ါ အပေါင်းတို့ကို ခေါ်ဝေါ်သည် အတိုင်း၊ နာမည်အသီးသီးရှိကြ၏။ ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ သားရဲ အပေါင်းတို့ကို၎င်း၊ အမည် ပေး၍မှည့်လေ၏။ သို့သော်လူနှင့်တူသောအထောက်အမ မပေါ်ရှိသေး” ထိုသို့ဘုရားသခင်သည် လူသားအားအခွင့်အရေးပေးခဲ့သည်။ တိရိစ္ဆာန် အပေါင်းတို့၏ အမည် ကိုသမုတ်စေခြင်း၊ မှတ်မိစေခြင်းသည် သာမန်ဥာဏ် မဖြစ်နိုင်ပါ။
(၃) တစ်ချိန်ခါ အင်မတန်ကျော်ကြားသော သိပ္ပံပညာရှင်တစ်ယောက်ဖြစ်သော Issac Newton သည် ပန်းသီးပင်စည်မှမြေပြင်ပေါ် သို့ကြွေကျသည့် ပန်းသီး၏ ဖြစ်စဉ်ကိုကြည့်ပြီး ကမ္ဘာ့ ဆွဲငင်အား အကြောင်းကို စိတ်ဝင်စားလာကာ ဖော်ထုတ်နိုင်ခဲ့ပါသည်။ သေချာသည်မှာ ထိုပန်းသီးကိုစားမိခြင်းကြောင့်မဟုတ်ပါ။ နောက်ပြီး ကြွေကျနေသောဖြစ်စဉ် ကြောင့်မဟုတ်ပါ။ အပင်ပေါ်မှ အသီးကြွေကျခြင်းသည်လည်း ရှေးပဝေသဏီ မှရှိခဲ့ပါသည်။မည်သူမျှ ဤသဘောကိုမတွေးမိခဲ့ပါ။ သေချာသည် မှာတစ်စုံတစ်ယောက်က(သို့) ထိုကမ္ဘာ့ဆွဲငင်အားကို ဖန်တီးထားသူက သူ့အား သိစေလိုက်ခြင်း ကြောင့်ဖြစ်ပါသည်။ တနည်းအားဖြင့် ဆိုသော် မျက်စိပွင့်၊ဥာဏ်ပွင့်သွားစေသကဲ့သို့ဖြစ်သည်။(တရားဟော၂၉း၂-၄)
အထက်ပါ အကြောင်းပြချက် ၃ ချက်သာမက အခြားသော သိပံ္ပပညာရှင် အမြောက်အများမှာလဲ ထိုသဘောကဲ့သို့ပင်။ ဘုရားသခင် သည် ကမ္ဘာဦး မှစ တည်ခဲ့သော ကမ္ဘာ မြေအကြောင်းကို တစ်ခုပြီးတစ်ခု ထိုပညာရှင်များ(သို့) အာဒံနှင့်ဧ၀ မှဆင်းလာသူများအား ဘုရားသခင်ကိုယ် တိုင်ကဘဲ မျက်စိပွင့် စေပြီး ဖော်ပြပေးခဲ့ပါသည်။ သမ္မာကျမ်းစာ၌ လည်း ထိုကဲ့သို့ မျက်စိပွင့်စေသောဥပမာ ရှိပါသည်- (မောဘဘုရင် ဗာလက်ထံ သွားစဉ် ဘုရား၏ကောင်းကင်တမန်တားမြစ်ခဲ့သည့်ဗာလမ် နှင့်သူ၏မြည်းအား မျက်စိဖွင့်ခြင်း(တော၂၂း၂၁-၃၁)
ထို့နောက်
“တဖန်ထာဝရဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကိုဖြစ်စေသောစပါးပင်ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေ ဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။” ကမ္ဘာ၁း၁၁ ။ “ထိုမြေထဲက အဆင်းလှ၍ ၊ စားဘွယ်ကောင်းသောအပင် အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကိုသိကျွမ်းရာအပင် လည်းရှိ၏။” ကမ္ဘာ၂း၉
“ထာဝရ အရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်ရှိသမျှသော အပင်တို့၏ အသီးကိုသင်သည်စားရသောအခွင့်ရှိ၏။- ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟုလူကိုပညတ်ထားတော်မူ၏။” ကမ္ဘာ၂း၁၆-၁၇
ဤသို့ပညတ်ထားတော်မူခဲ့သည်ကို အာဒံနှင့်ဧ၀ က အဘယ်ကြောင့်နည်းဟူ၍ မသိခဲ့ပါ။ ထိုစဉ်က အာဒံနှင့်ဧ၀ တို့သည် ထိုကောင်းမကောင်းကိုသိသောဥာဏ်ရည်ရှိနှင့်သည်ကိုလဲမသိသေးခြင်းမှာ သူတို့၏ နားလည်နိုင်သောမျက်စိကိုဘုရားသခင်ကမဖွင့်ပေးသေး ခြင်းကြောင့်ပင်။ (တရားဟော၂၉း၂-၄) နောက်တစ် ချက်မှာ ဘုရားသခင်သည် လူသား၏ အချစ်ကိုလဲလိုလားသူပီပီ စမ်းသပ်ခြင်းဖြင့်ပါသည်။ လူသားများအား မစမ်းသပ်မှီ၌ ကျရှုံးခဲ့သော် သေခြင်းဟူသော အပြစ်၏အခရှိမည် ကို လဲ ကြိုပြောခဲ့ပါသည်။ မတရားမစီရင်ခဲ့ပါ။
“သင်တို့တွင်ပရောဖက်ပြုသောသူ၊ အိပ်မက်ကိုမြင်သောသူသည် ပေါ်လာ၍၊-သင်တို့မသိသောအခြား တပါးသောဘုရားကိုဆည်းကပ်၍ ၀တ်ပြုကြစို့ဟု ပြောဆိုလျက်၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုကိုပေး၍၊ ထိုနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုသည် ပြည့်စုံသော်လည်း၊- ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူတို့၏ စကားကိုနားမထောင်ရ။ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်သည် မချစ်သည်ကို၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် စုံစမ်းတော်မူ၏။”တရားဟောရာကျမ်း၁၃း၁-၃
ထိုထက်မက ဤ စုံစမ်းခြင်းအမှုတွင် မြွေသည်တန်ဆာခံတစ်ခုသာဖြစ်ပါသည်(ခရစ်တော်ယေရှု၏ အမှုတော် ၌ တန်ဆာခံ ယုဒရှကာရုတ်ကဲ့သို့ဖြစ်သည်)၊ “မြွေသည်ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူ သောမြေတိရစ္ဆာန်တကာတို့ ထက်လိမ္မာသည်ဖြစ်၍၊ ကမ္ဘာ၃း၁” ဤသည်ကို အကြောင်းပြု၍ ဂျိုးကဲ့သို့ဖြူစင်ပြီး၊မြွေကဲ့သို့ လိမ္မာ ရန် သမ္မာကျမ်းစာက တိုက်တွန်းခဲ့ပါသည်။ နောက်ဘုရားသခင်သည် တိရစ္ဆာန်အား စကားပြောစေနိုင်သောဘုရားလဲဖြစ်ပါသည်။(တော၂၂း၂၁-၃၁ဗာလမ်၏မြည်းစကားပြော)။ ထို့ကြောင့် ဤအမှုတွင် စာတန်၏ ပယောဂတစ်ခှုမျှမပါနိုင်ပါ။ ဧဒင်ဥယျာဉ်တည်ပြီး စာတန်အားလဲ နေခွင့်ပြုသည်ဟူ၍လည်း မဖော်ပြထားပါ။ နောက်ထပ် ခိုင်လုံသောကျမ်းချက်တစ်ခုကိုကြည့်ပါမည်။
“မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင်ဗိုလ်ခြေ အပေါင်းတို့သည် လက်ျာတော်ဘက် လက်ဝဲတော်ဘက် ၌ ရပ်နေကြသည်ကို၎င်း ငါမြင်ပြီ။-ထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ်ပြည် ရာမုတ်မြို့သို့စစ်ချီ၍ဆုံးစေခြင်းငှါ အဘယ်သူသွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံတော်တို့ သည် တယောက်တနည်းစီပြန်လျှောက်ကြ၏။ တဖန်ဝိညာဉ်တော်တပါးသည် ထာဝရဘုရားရှေ့တော်၌ရပ်လျှက် ၊ အကျွန်ုပ် သွေးဆောင်ပါမည်ဟုလျှောက်လျှင်၊- ထာဝရဘုရားကအဘယ်သို့သွေးဆောင်မည်နည်းဟု မေး တော်မူသော် အကျွန်ုပ်သွား၍ ထိုမင်းကြီး၏ ပရောဖက်အပေါင်းတို့ အထဲမှာ မုသာကိုပြောတတ် သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော်၊ သင်သည်သွေးဆောင်၍ နိုင်လိမ့်မည် ထိုသို့သွား၍ပြုလော့ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ ထာဝရဘုရားသည် မုသာစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ ပရောဖက်အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး ၏အမှုမှာ အမင်္ဂလာစကားကိုပြောတော်မူပြီဟုဟောလေ၏” ဓမ္မရာဇ၀င်တတိယစောင်၂၂း၁၉-၂၃
အထက်ပါကျမ်းပိုဒ် သည် အာဒံနှင့်ဧ၀ကို မုသာဆိုခဲ့သောမြွေ နှင့်တစ်ထပ်တည်းတူညီသော ဖြစ်စဉ်ဖြစ်ပါသည်။ အထက်ပါကျမ်းပိုဒ် မှာ- ဒုစရိုက်ပြု၍ အမျက်တော်ကိုနှိုးဆော်ခဲ့သော အာဟပ်မင်းအား အပြစ်အလျောက် စီရင်ရန်ဘုရား ကြိုဟောစေခဲ့သောစကားဖြစ်ပါသည်။ သို့သော် အာဟပ်မင်းသည် မည်သို့မျှ မရှောင်လွှဲဘဲ ထိုသေခြင်းလမ်းကို အောင်ရာလမ်းဟုယူဆ ၍ ရွေးချယ်ခဲ့ပှါသည်။ အထက်ပါကျမ်းပိုဒ် အားဖြင့် ဘုရားသခင် ၏ ၀ိညာဉ်တော်တပါးက ထိုမြွေကို အသုံးချ၍ မုသာကိုသုံးထားသောသဘောနှင့်တူညီပါသည်။ ဘုရားသခင်၏အလိုတော်ကိုဖြည့်ပေးခြင်းပင်ဖြစ်ပါသည်။
“ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟုလူကို ပညတ်ထား တော်မူ၏။” ဤကျမ်းပိုဒ်ကိုကြည့်လျှင် လဲ ထိုနည်းတူစွာပြည့်စုံခဲ့သည်။ အချို့သောသူများကလည်း ၀ိညာဉ်သေခြင်းဟုယူဆကြပါသည်။ သို့သော်ဤ ဖြေရှင်းချက် တွင် ခန္ဓာသေခြင်ဟူ၍လဲဖော်ပြလိုပါသည်။ “ချစ်သူတို့၊ ထာဝရဘုရားမှာ ကာ လ တရက်သည်၊ အနှစ်တထောင် ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက် ကဲ့သို့၎င်း ဖြစ်သည်အရာတခုကို မမေ့လျော့ကြနှင့်။” ၁ပေ၃း၈ ထို့ ကြောင့် အာဒံမှစ၍ သူ၏ မျိုးဆက်တွင် အနှစ်တထောင် ကျော်ခဲ့သူများမရှိပါ(ချီဆောင်ခြင်းခံခဲ့ရသောပရောဖက် များမပါပါ)၊ တနည်းအားဖြင့်ဆိုရသော် ဘုရားသခင်၏တရက်တည်းတွင်သေဆုံးရခြင်းဖြစ်ပါသည်။ ထို့နောက်
“ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင်တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းကို သိတတ်၏။ ယခုမှာသူသည် ထာဝရအသက်ကိုရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏အသီးကိုယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊-လူသည်မိမိထွက်သောမြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရဘုရားသခင်သည်၊ ဧဒင် ဥယျာဉ် ထဲက လွှတ်လိုက်တော်မူ၏။” ကမ္ဘာ၃း၂၁-၂၂ ဤသည်မှာလူသား၏ကျရှုံးခြင်းအစဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် ဘုရားသခင်သည် အရာရာ၌ တန်ခိုးနှင့်ပြည့်စုံတော်မူပြီး ဟာကွက်မရှိ စေ့စပ်သေချာစွာစီစဉ်ထားခဲ့ပါသည်။ ယုံကြည်သူတိုင်းအား ဘုရားသခင်သည် ဘုရားကဲ့သို့သော ဥာဏ်ကို ပေးထားနှင့်ခဲ့ပါသည်။ သို့သော် သူမျက်စိဖွင့်ပေးမှ သိနိုင်ပါသည်(ရှောလမုန်မင်းကြီးတောင်းသော ဥာဏ် ၃ရာ၃း၉)။ ထို့အတူ ဘုရားသခင်သည်လူသားများကသူ့အား စိတ်နှလုံးအကြွင်းမဲ့ချစ်စေ့ချင် သောဘုရားဖြစ် ပါသည်။ Isaac Newton က , “Gravity explains the motions of the planets, but it cannot explain who set the planets in motion. God governs all things and knows all that is or can be done.” ဟူ၍ ရိုးသားစွာဝန်ခံသွားခဲ့ပါသည်။ ထာဝရဘုရားမိန့်တော်မူခဲ့သည်မှာ “မိုဃ်းရေနှင့်မိုဃ်းပွင့်တို့သည် မိုဃ်းကောင်းကင်မှဆင်းသက်၍နောက်တဖန်မပြန်၊ မြေသည်မျိုးစေ့ကြဲသောသူအားမျိုးစေ့ကို၎င်း၊ အစာစား သောသူအား အစာကို၎င်းပေးမည်အကြာင်း၊ မြေကိုစိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကိုသီးစေသကဲ့သို့၊-ထိုအတူ ငါ၏နှုတ်ကပတ်စကားသည်ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု ၌အောင်လိမ့်မည်။”ဟေ၅၅း၁၀-၁၁
သံသယကင်း၍ မိမိယုံကြည်ကိုးကွယ်သော ထာဝရဘုရားအတွက် နှုတ်ကပတ်တော် အားဖြင့် ၀ိညာဉ် မျက်စိပွင့်လန်းသောသူတိုင်းသည် ဘုန်းတော်ထင်ရှားစေပါသည်။ ယုံကြည်သူတိုင်း အား သမ္မာကျမ်းစာ ကအဖြေပေးနေပါသည်။
ဖတ်ရှုသူတိုင်းအားဘုရားသခင်ဝိညာဉ်မျက်စိဖွင့်ပေးကြပါစေ
No comments:
Post a Comment