Blogger Widgets Blogger Widgets

Pages

Friday, July 19, 2013

ခရစ်ယာန် သမ္မာဟောင်းကျမ်းထဲက သား တရား စီရင်ခန်း



ဘီစီ တစ်ထောင်ခန့်က အီစ္စရေးလူမျိုးတွေကို အုပ်ချုပ်ခဲ့တဲ့ ရှောလမုန် (King Solomon) မင်းကြီး လက်ထက် ဖြစ်ပါတယ်။

ပြည့်တန်ဆာမ နှစ်ယောက်ဟာ တစ်အိမ်ထဲမှာ နေပြီး ကလေးမွေးကြတယ်။ တစ်ယောက်သောသူဟာ ညအိပ်နေချိန် ကလေးကို ဖိနင်းမိပြီး မွေးကင်းစ ကလေးလေး ဆုံးသွားတော့ သူ့ကလေးကို အခြားတစ်ယောက်သောသူရဲ့ ကလေး အရှင်နဲ့ တိတ်တစိတ် လှဲလှယ်ထားလိုက်တယ်။

ကလေး အရှင်ရဲ့မိခင် မနက်နိုးလာပြီး သူ့သားကို နို့တိုက်မယ် လုပ်တော့ ကလေးလေးက အသေကောင် ဖြစ်နေတယ်။ ကောင်းကောင်း ကြည့်လိုက်တော့ သူ့သား မဟုတ်မှန်း သိသွားတယ်။ သူ့သား အရှင်ကိုတော့ သူ့ တအိမ်ထဲနေ မိတ်ဆွေ အမျိုးသမီးရဲ့ရင်ခွင် မှာ တွေ့လိုက်တယ်။

ဒီတော့... သား အသေ နဲ့ အရှင် ကိစ္စ ငြင်းခုန်ကြရင်း အရပ်ထဲကလူတွေလဲ မစီရင်ပေးတတ်တဲ့ အဆုံး ရှောလမုန် မင်းကြီးထံ အမှုရောက်သွားတယ်။

ရှောလမုန် မင်းကြီးထံမှာ အမှုလျှောက်လှဲကြတယ်။ တစ်ယောက် တပေါက်ပေါ့။ ကလေးအရှင်ဟာ သူ့ဟာ မဟုတ်ဘူး၊ ငါ့ဟာ ဆိုပြီး နှစ်ယောက်စလုံး ငြင်းခုန်ကြတယ်။

မင်းကြီးက သူ့ ကိုယ်ရံတော် တွေကို ကလေးအရှင်ယူခိုင်း လိုက်တယ်။

ပြီးတော့ အဲဒီကလေးကို အလယ်က ပိုင်းပြီး နှစ်ယောက်စလုံးကို ခွဲပေးစေ... ဆိုပြီး အမိန့်ထုတ်လိုက်တယ်....

ချက်ချင်းပဲ ကလေးမိခင် အရင်းဟာ ကလေးကို မသတ်ဖို့၊ သူ့ (ပြိုင်ဖက်အမျိုးသမီး) ကိုပဲ ပေးလိုက်ပါ၊ ဆိုပြီး တောင်းပန်တယ်။ အခြား တစ်ယောက်ကတော့ ခွဲပေးလဲ ကျေနပ်တယ် ပေါ့။

အဲဒီမှာ ကလေးမိခင်အရင်း ဘယ်သူ ဆိုတာ သိသွားပြီး ကလေးကို မိခင်အရင်းဆီ ပေးလိုက်တယ်။ လို့ ဆိုပါတယ်။

(ရှောလမုန် မင်းကြီးဟာ ပညာဂုဏ် နဲ့ ဥစ္စာဓန ဂုဏ် ကျော်ကြားတဲ့ မင်းတပါး ဖြစ်ပါတယ်။ အခုထိ ရှိနေသေးတဲ့ ဂျေရုဆလင်မြို့ကြီးကို တည်ထောင်သူ ဒါဝိဒ်မင်းကြီး (King David) ရဲ့ သားတော် ဖြစ်ပြီး၊ ဖခင် ဒါဝိဒ် ဆောက်လို့ မပြီးသော ဂျေရုဆလင်မြို့ ဘုရားကျောင်းကို ဆောက်ခဲ့သူ ဖြစ်ပါတယ်။ အခုထိ အီစ္စရေးလူမျိုးများ အဲဒီ နံရံပဲ ကျန်နေတဲ့ ဘုရားကျောင်းမှာ သွားဆုတောင်း ကြပါတယ်။ ခရစ်ယာန်တွေသုံးတဲ့ ကျမ်းစာ မှာ သမ္မာဟောင်းကျမ်း နဲ့ သမ္မာသစ်ကျမ်း ဆိုပြီး နှစ်ပိုင်း ရှိတယ်။ သမ္မာသစ်ကတော့ ယေရှုခရစ်တော် ရဲ့ အဆိုအမိန့်များကို အခြေခံတဲ့ ကျမ်း (အေဒီခေတ်က ရေးထားတာ) ဖြစ်ပြီး သမ္မာဟောင်းကတော့ ဘီစီ ခေတ်က ရေးထားတာ ဖြစ်ပါတယ်။ သမ္မာဟောင်းကျမ်းဟာ အီစ္စရေး လူမျိုးတွေရဲ့ တရားဥပဒေကျမ်း (Torah or Law Book) လဲ ဖြစ်ပါတယ်။ ဥပဒေ ပညာရပ်ရဲ့ မြစ်ဖျားခံရာ စာအုပ်လို့လဲ ပြောလို့ ရပါတယ်။ ဘာသာ မတူတဲ့ စာဖတ်သူ ပရိသတ် အတွက်လဲ ဗဟုသုတ ရစေချင်လို့ပါ။)







No comments:

Post a Comment