Blogger Widgets Blogger Widgets

Pages

Tuesday, September 24, 2013

ပါကစ္စတန်ခရစ်ယာန်ဘုရားကျောင်း အသေခံဗုံးခွဲ တိုက်ခိုက်ခံရ၊ ၈၁ဦးကျော်သေဆုံး


ပတ်ရှ်ဝါ၊ စက်တင်ဘာ ၂၃

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသရှိ တနင်္ဂနွေဝတ်ပြု ကိုးကွယ်မှု ပြုလုပ်နေသော ပရိုတက် စတင့် ခရစ်ယာန်ဘုရားကျောင်းကို အစွန်းရောက် အသေခံဗုံးခွဲသမားများက တိုက်ခိုက်ခဲ့ရာ ကလေးများ အပါ အဝင် အနည်းဆုံး လူ ၈၁ ဦး သေဆုံးသွားခဲ့ကြောင်း CNN သတင်းတစ်ရပ်က ဖော်ပြထားသည်။

အစွန်းရောက် စစ်သွေးကြွများက ပါကစ္စတန်ရှိခရစ်ယာန် လူနည်းစုကို ပစ်မှတ်ထား တိုက်ခိုက်မှုများလည်း ပြုလုပ်လေ့ ရှိရာ ယခုတိုက်ခိုက်မှုသည် လူသေဆုံးမှု မြင့်မားသည့် တိုက်ခိုက်မှုအဖြစ် မှတ်တမ်း ဝင်သွား ခဲ့သည်။

တိုက်ခိုက်ခံရသည့် သူတော်စင်များ ဘုရားကျောင်းသည် အစွန်းရောက်များ အကြမ်းဖက်မှု ကျူးလွန်ရာ ပတ်ရှ်ဝါမြို့တော် တွင် တည်ရှိသည်။ ဝတ်ပြုကိုးကွယ်သူ ၅ဝဝ ခန့်က ဘုရားကျောင်း တက်နေကြစဉ် တိုက်ခိုက်ရေးသမား နှစ်ဦးက ဝတ်ပြုကိုးကွယ်မှု ပြီးခါနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

"အသေခံ ဗုံးသမားနှစ်ဦးဟာ ဘုရားကျောင်းဝင်းထဲကို အဓိကဝင်ပေါက်အတိုင်း ဝင်လာကြပြီး လူတွေအလယ်ကောင်မှာ ဗုံးခွဲလိုက်ကြတာ ဖြစ်ပါတယ်" ဟု သတင်းထုတ်ပြန်ချက် တစ်ရပ်က ဆိုသည်။

ဘုရားကျောင်း၏ အပြင်ဘက်တွင်လည်း အပျက်အစီးများစွာ တွေ့ရှိရပြီး ကယ်ဆယ်ရေး လုပ်သားများနှင့် လူအုပ်ကြီး အချို့ကိုလည်း သွေးအလိမ်းလိမ်းဖြင့် တွေ့ရသည်ဟု CNN က ရေးသားဖော်ပြ ထားသည်။

သေဆုံးသူအရေအတွက် ၈၀ ကျော် သွားပြီဖြစ်ကာ ဒဏ်ရာရရှိသူ ၁၂၀ ကျော်ရှိပြီး ၄င်းတို့ထဲမှ ၁၀ ဦးခန့်သည် စိုးရိမ်ရသော အခြေအနေတွင် ရှိသည်ဟု ပတ်ရှ်ဝါ ဆေးရုံမှ ဒေါက်တာအာရှက်ဂျာဗက်က ပြောကြားသည်။

ပက်ရှ်ဝါသူတော်စင်များ ဘုရားကျောင်းတော်၏ ဘုန်းတော်ကြီး ဟမ်ဖရီက ထိခိုက်သူများကို ကရုဏာစကား ပြောကြားခဲ့ပြီး အားလုံး ဝိုင်းဝန်းဝတ်ပြု ဆုတောင်းကြရန် ပြောကြားခဲ့သည်။

"ယခုတိုက်ခိုက်မှုဟာ အစိုးရအရာရှိ တွေရဲ့ လူနည်းစုအပေါ် အကာအကွယ်ပေးမှု ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်" ဟု ပါကစ္စတန် ခရစ်ယာန်ဘုန်းတော်ကြီးက ပြစ်တင် ပြောဆိုခဲ့သည်။

ယင်းတိုက်ခိုက်မှုကို မကျေနပ်ကြသော ပါကစ္စတန် ခရစ်ယာန်များက လမ်းမများပေါ် ထွက်လာကြပြီး အစိုးရအနေနှင့် လူနည်းစု ဘာသာဝင်များကို အကာအကွယ် ပေးပါရန် တောင်းဆိုလျက် ရှိသည်။
ပါကစ္စတန်နိုင်ငံသည် မွတ်ဆလင်အများစု ရှိသည့် နိုင်ငံဖြစ်ပြီး ခရစ်ယာန်က နိုင်ငံလူဦးရေ၏ ၃ ရာခိုင်နှုန်းသာ ရှိသည်။

The Voice Weekly

No comments:

Post a Comment